နေထိုင်မှု

အလုပ်လက်မဲ့ထောက်ပံ့ကြေးPart-1

ဒီနေ့မိတ်ဆက်ပေးမယ့်အကြောင်းအရာကတော့အကြောင်းအမျိုးမျိုးကြောင့်အလုပ်လက်မဲ့ဖြစ်ပြီးနောက်ထပ်အလုပ်သစ်ရှာနေဆဲကာလအတွင်းမှာအစိုးရမှထောက်ပံ့ပေးနေတဲ့「失業給付金」အလုပ်လက်မဲ့ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီးဝေမျှပါရစေ။ 「失業給付金」အလုပ်လက်မဲ့ထောက်ပံ့ကြေးလို့လဲခေါ်သလို「失業保険」အလုပ်လက်မဲ့အာမခံလို့လည်းခေါ်ကြပါတယ်။လူမှုဖူလုံရေးအာမခံနဲ့ကျန်းမာရေးအာမခံတွေနဲ့မတူတဲ့အတွက်မမှားအောင်သတိပြုကြပါနော်။ ဒီစနစ်လေးကနည်းနည်းရှုပ်ထွေးလို့Part-1 နဲ့ Part-2 ဆိုပြီးခွဲပြီးတင်ဆက်ပေးလိုက်ပါတယ် ကဲဒါဆို Part-1 ကိုစလိုက်ကြရ‌အောင်။ 1. 失業給付金 (失業保険)အလုပ်လက်မဲ့ထောက်ပံ့ကြေးဆိုတာ? အလုပ်အာမခံဆိုတာအစိုးရနှင့်သက်ဆိုင်သောအဖွဲ့အစည်းမှအလုပ်ပြုတ်သူများ/အလုပ်လက်မဲ့ဖြစ်သွားသူများအားထောက်ပံ့ပေးခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်မို့လို့အလုပ်ပြုတ်သွားသည်ဖြစ်စေ၊အလုပ်လက်မဲ့ဖြစ်သွားသည်ဖြစ်စေ၊စားဝတ်နေ‌ရေးအတွက်စိုးရိမ်ပူပန်တာမျိုးမရှိစေပဲအလုပ်အသစ်ကိုဆက်လက်ကြိုးစားရှာဖို့၊တတ်နိုင်သလောက်မြန်မြန်အလုပ်ပြန်ဝင်နိုင်ရန်အတွက်ရည်ရွယ်တဲ့စနစ်ဖြစ်ပါတယ်။ 【ထောက်ပံ့ကြေးရရှိရန်လိုအပ်ချက်】 အလုပ်အာခံဝင်ထားတဲ့သူများအနေဖြင့်အလုပ်ထွက်ပြီးနောက်၊အောက်ပါအချက်နံပါတ် ၁ သို့မဟုတ် နံပါတ်၂ နှင့်ကိုက်ညီမှုရှိပါကအခြေခံထောက်ပံ့မှုများလက်ခံရရှိနိုင်ပါတယ်။ ❶ハローワークဟဲလိုဝေါ့ခ်သို့သွားရောက်ပြီး၊အလုပ်ရှာနေ‌ကြောင်းလျှောက်လွှာကိုတင်ခြင်းဖြင့်မိမိမှာအလုပ်ရှာဖို့/အလုပ်လုပ်ဖို့ဆန္ဒရှိကြောင်းဖော်ပြခြင်း၊မိမိမှာအလုပ်ဝင်ဖို့အတွက်လုံလောက်သောအရည်အချင်းရှိသော်လည်းပဲအလုပ်ရှာမတွေ့ခြင်း၊ဟဲလိုဝေါ့ခ်မှကြိုးစားရှာပေးသော်လည်းအလုပ်မတွေ့သောကြောင့်အခက်အခဲဖြစ်နေသောအခြေအနေများမှာ ထောက်ပံ့ကြေးကိုရရှိနိုင်ပါတယ်။ ❷အလုပ်ထွက်သောနေ့မှစပြီး၊လွန်ခဲ့သော၂နှစ်အတွင်းတွင်အလုပ်အာမခံကြေးစုစုပေါင်း၁၂လစာနှင့် အထက်ဆောင်ထားသူဖြစ်ရပါမယ်။ ခြွင်းချက်အနေဖြင့်၊ကုမ္ပဏီဒေဝါလီခံခြင်းကြောင့်အလုပ်လက်မဲ့ဖြစ်ခြင်း၊သို့မဟုတ်သက်တမ်းပြည့်သွားသော်လည်းကုမ္ပဏီ၏အခြေအနေများကြောင့်သက်တမ်းမတိုးပေးပဲအလုပ်ပြုတ်ခြင်းစတဲ့အထူးအကြောင်းအရင်းများကြောင့်အလုပ်ပြုတ်သူများအတွက်ကတော့အလုပ်ပြုတ်ပြီးချိန်မှစတွက်ပြီး၊လွန်ခဲ့သော၁နှစ်အတွင်းတွင်အလုပ်အာမခံကြေးစုစုပေါင်း၆လစာနှင့်အထက်ဆောင်ထားခြင်းရှိရပါမယ်။ 【လုပ်ထုံးလုပ်နည်းများပြုလုပ်ရန်ကာလ】အခြေခံထောက်ပံ့မှုကိုစတင်လက်ခံရရှိမယ့်အချိန်ကာလအနေဖြင့်၊အလုပ်ထွက်ပြီးနောက်တရက်မှစပြီး၁နှစ်အတွင်းမှာလက်ခံရရှိမယ်လို့သတ်မှတ်ထားပါတယ်။ 【ထောက်ပံ့ကြေးငွေပမာဏနှင့်ရက်အရေတွက်】အခြေခံထောက်ပံ့ကြေးကိုရရှိနိုင်မယ့်ရက်အရေတွက်မှာအသက်အရွယ်၊အလုပ်အာမခံပေးဆောင်ခဲ့သောသက်တမ်းနှင့်အလုပ်ထွက်ခြင်း(သို့)အလုပ်ပြုတ်ရသည့်အကြောင်းအရင်းပေါ်မူတည်ပြီး၊ရက်ပေါင်း ၉၀မှ ရက်ပေါင်း၃၆၀စာရရှိနိုင်ပါတယ်။ အခြေခံထောက်ပံ့ကြေးတရက်စာငွေပမာဏမှာအလုပ်ထွက်သည့်နေ့မှစတွက်ပြီး၊လွန်ခဲ့သော၆လရဲ့စုစုပေါင်းလစာ(ဘောနပ်စ်မပါ)၏တရက်တာပျမ်းမျှငွေကိုတွက်ချက်ပြီး၊ထိုတရက်စာပျမ်းမျှငွေရဲ့50%မှ80%စာထောက်ပံ့ကြေးရရှိနိုင်ပါတယ်။အသက်(60မှ64နှစ်အတွင်းဖြစ်ပါက45%မှ80%)ဖြစ်ပါတယ်။(ငွေပမာဏအကန့်အသတ်ရှိပါတယ်) အကျဥ်းချုပ် အထက်ပါအကြောင်းအရာများမှာ၊အလုပ်လက်မဲ့ထောက်ပံ့ခြင်း(အလုပ်အာမခံ)နှင့်ပတ်သက်သောPart-1ဖြစ်ပါတယ်။အလုပ်ထောက်ပံ့ကြေးရဖို့ဆိုရင်အချက်အလက်ကိုက်ညီပြီးမှန်ကန်သောနည်းလမ်းဖြင့်လျှောက်ထားပါက၊စားဝတ်နေရေးအတွက်လိုအပ်သောထောက်ပံ့ကြေးကိုရရှိနိုင်မှာဖြစ်ပါတယ်။စည်းမျဥ်းစည်းကမ်းနဲ့ဥပဒေများကိုတော့လိုက်နာဖို့လိုအပ်ပါတယ်နော်။ စည်းမျဥ်းစည်းကမ်းနဲ့လုပ်ထုံးလုပ်နည်းများကို「အလုပ်လက်မဲ့ထောက်ပံ့ကြေး PART2」မှာမိတ်ဆက်ပေးပါမယ်။JLEFsupportကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့သူငယ်ချင်းများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ဘတ်စ်ကားလက်မှတ်ဝယ်နည်း

ပိတ်ရက်ရှည်မှာသွားလည်ဖို့စိတ်ကူးထားတဲ့သူရှိလား?ဘာနဲ့သွားဖို့စီစဥ်ထားကြလဲ?ဂျပန်နိုင်ငံမှာခရီးသွားရင်၊လမ်းပန်းဆက်သွယ်ရေးအနေဖြင့်အများဆုံးအသုံးပြုကြတာ ၃မျိုးရှိပါတယ်။ ①လေယာဥ် ②ရထား၊ကျဥ်ဆံရထား③ဘတ်စ်ကား「ညကား・နေ့ကား」တို့ကိုအသုံးပြုကြပါတယ်။ ③ဘတ်စ်ကားကိုအသုံးပြုတာက၊လေယာဥ်နဲ့ကျည်ဆံရထားတွေနဲ့ယှဥ်လျှင်စီးရတဲ့အချိန်ကြာပေမဲ့လည်း၊ခရီးဝေးတွေလည်းသွားနိုင်ပြီး၊စျေးနှုန်းလည်းသက်သာတဲ့အတွက်၊ခရီးစရိတ်ချွေတာချင်တဲ့သူတွေအများဆုံးအသုံးပြုကြပါတယ်။ဒီနေ့ဘတ်စ်ကားလက်မှတ်ဝယ်နည်းလေးကိုရှယ်ပေးမယ်နော်။တချိန်ချိန်သွားလည်လို့ဘတ်စ်ကားလက်မှတ်ဝယ်မယ်ဆိုရင်ဒီအကြောင်းအရာလေးကအသုံးဝင်မှာပါနော်။ ဘတ်စ်ကားလက်မှတ်ဝယ်ယူရာမှာအဆင့် 5ဆင့်ပဲလိုအပ်ပါတယ်နော်။ ★STEP1:「バス比較なび」ဆိုတဲ့ အက်ပလီကိုဒေါင်းလုတ်ဆွဲခြင်း ★STEP2:အချက်အလက်လေးဖြည့်ခြင်း ・出発地:ထွက်ခွာမည့်နေရာ・到着地:ရောက်ရှိမည့်နေရာ・乗車日:ဘတ်စ်ကားစီးမည့်နေ့・昼行便 နေ့ကား (သို့) 夜行便 ညကား ကိုရွေးချယ်ပါ။ အချက်အလက်တွေဖြည့်ပြီးပါက「検索」ရှာဖွေခြင်းဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။ ရွေးချယ်ပြီးပါက「予約」ကြိုတင်မှာကြားခြင်းဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါကဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါလိမ့်မယ်။ ★STEP3:ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါကကြိုတင်မှာကြားခြင်းကိုပြုလုပ်ပါ <画面①>・ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်မှတဆင့်ယာဥ်ပြေးဆွဲ‌သောအချိန်ဇယားကိုစစ်ဆေးကြည့်ပြီး၊မိမိစီးမယ့်ရက်ကိုရွေးချယ်ပါ・စီးမည့်ဦးရေ(ကျား/မရွေးချယ်ခြင်း)နှင့်ဘတ်စ်ကားစီးမည့်နေရာနှင့်ဆင်းမည့်နေရာကိုရွေးချယ်ပါ・傷害保険ဆိုသည့်မတော်မဆအာမခံဝင်ပါ・「次へ」ဆိုသည့်ခလုတ်ကိုနှိပ်ပါ <画面②>・မိမိရွေးချယ်ခဲ့သောဘတ်စ်ကား၏အချက်အလက်များကိုသေချာပြန်စစ်ပါ・လက်မှတ်ပယ်ဖျက်ခြင်းအတွက်ပြန်အမ်းငွေနှင့်ပတ်သက်ပြီးသေချာစစ်ကြည့်ပါ・စစ်ဆေးပြီးပါက「カートに追加」ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။ <画面③>「カート内のプランの予約へ進む」「လှည်းတွင်းထည့်ထားသောအစီအစဥ်ကိုကြိုတင်မှာကြားခြင်းပြုလုပ်ရန်」ဆိုသည့်ခလုတ်ကိုနှိပ်ပါ <画面④>「新規会員登録をしないで予約へ」「မန်ဘာမဝင်ပဲကြိုတင်မှာကြားခြင်း」ဆိုသည့်ခလုတ်ကိုနှိပ်ပါ <画面⑤>အသုံးပြုမည့်သူ၏အချက်အလက်များကိုဖြည့်ပါ ခရတ်ဒစ်ကတ်သို့မဟုတ်ကွန်ဘိနိဖြင့်ပေးချေလို့ရပါတယ်။ခရတ်ဒစ်ကတ်ရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားမှာစိုးရိမ်တဲ့သူများအတွက်၊ကွန်ဘိနိမှာပဲပေးချေဖို့အကြံပြုပါရစေ <画面⑥>နောက်ဆုံးအတည်ပြုခြင်း အမှန်ခြစ်ပြီး「旅行条件に同意し、予約を完了する」「အကြောင်းအရာများကိုသဘောတူပြီး၊ကြိုတင်မှာကြားခြင်းကိုပြုလုပ်မည်」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ ➡ 完了ပြီးဆုံးပါပြီ။ ★STEP4:အီးမေးလ်ကိုဖွင့်ပြီး၊လက်ခံဖြတ်ပိုင်းနံပါတ်ကိုစစ်ဆေးကြည့်ပါ ★STEP5:family martသို့သွားပြီးFamiポートဆိုတဲ့စက်မှာပေးဆောင်ရန်အတွက်စာရွက်ကိုထုတ်ပြီးငွေရှင်းကောင်တာမှာထုတ်ပြရမှာပါ လက်ငင်းငွေသားနဲ့ပဲချေလို့ရမှာဖြစ်ပါတယ်။ငွေပေးချေပြီးလျှင်လက်ခံဖြတ်ပိုင်းထုတ်ပေးမှာဖြစ်လို့သေချာသိမ်းထားပါ။ အကျဥ်းချုပ် ဒီနေ့မိတ်ဆက်ပေးတာကတော့ဂျပန်ပြည်တွင်းခရီးသွားတာမျိုးပြုလုပ်တဲ့အခါမှာဘတ်စ်ကားကိုအသုံးပြုခြင်းကပိုပြီးစျေးသက်သာကြောင်းနဲ့လက်မှတ်ဝယ်နည်းကိုမိတ်ဆက်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာပိုက်ဆံရှာဖို့အတွက်အလုပ်လုပ်တာကအရေးကြီးပေမဲ့လည်း၊စိတ်ဖိစီးမှုများမဖြစ်အောင်လည်းခရီးထွက်ခြင်း၊သွားလည်ခြင်းတို့ဖြင့်စိတ်အပြောင်းအလဲများကိုပြုလုပ်သင့်ပါတယ်။ဘတ်စ်ကားနဲ့သွားဖို့စီစဥ်ထားမယ်ဆိုရင်ကြိုတင်ဝယ်ထားပါက၊ခါတိုင်းထက်စျေးနည်းနည်းပိုသက်သာပါတယ်နော်။ ရှေ့ဆက်ပြီးဂျပန်မှာနေထိုင်တဲ့သူငယ်ချင်းတွေအတွက်အသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုဆက်လက်မိတ်ဆက်ပေးပါအုံးမယ်နော်။ JLEFsupportကိုအမြဲကြည့်ရှုအားပေးနေကြတဲ့သူငယ်ချင်းများကိုအမြဲကျေးဇူးတင်လျက်ပါနော်!

ပန်းဝတ်မှုံဓါတ်မတည့်ခြင်း

ဂျပန်ရောက်ပြီဆိုရင်「花粉症」လို့ခေါ်တဲ့ပန်းဝတ်မှုံနဲ့ဓါတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။ဂျပန်ရောက်ခါစတုန်းကတော့ဘာမှမဖြစ်တဲ့သူများပေမဲ့၊ဒုတိယနှစ်ရောက်ရင်ရုတ်တရက်ဖြစ်တာမျိုးလည်းကြုံတတ်ပါတယ်နော်။တကယ်လို့များရုတ်တရက်ကြီးဖြစ်လာခဲ့ရင်ဘာတွေလုပ်သင့်လဲ?ဆောင်ရန်ရှောင်ရန်လေးတွေသိထားရင်ကိုယ့်အတွက်အခက်အခဲမဖြစ်တော့ဘူးပေ့ါနော်။ ဒီနေ့ပန်းဝတ်မှုံအကြောင်းနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးမယ်နော်။  ・ပန်းဝတ်မှုံဖြစ်စေတဲ့အကြောင်းအရင်း?・ပန်းဝတ်မှုံနဲ့ဓါတ်မတည့်တာဟာရောဂါတမျိုးလား?・ပန်းဝတ်မှုံဓါတ်မတည့်တာမျိုးမဖြစ်အောင်ကာကွယ်လို့ရလား?・ကုသလို့ကောရလား?  1. ပန်းဝတ်မှုံဖြစ်စေတဲ့အကြောင်းအရင်း? ပန်းဝတ်မှုံအလာဂျစ်အဖြစ်များဆုံးအချိန်ကတော့ 3လပိုင်း~4လပိုင်း ၊နွေဦးရာသီတွေမှာအဖြစ်များပါတယ်။ပန်းဝတ်မှုံလို့ခေါ်ကြတဲ့အတွက်ပန်းကနေလာတဲ့အမှုံတွေကြောင့်ဖြစ်တာလို့လည်းတချို့ကထင်ကြတယ်။တချို့ကျတော့လည်း ဆာကူရာပန်းလေးတွေရဲ့ဝတ်မှုံကြောင့်လို့လည်းပြောကြတယ်ပေါ့နော်။ တကယ့်ပန်းဝတ်မှုံအလာဂျစ်ကိုဖြစ်စေတဲ့အကြောင်းရင်းကတော့ ・スギ花粉 လို့ခေါ်တဲ့ သစ်ကတိုးပင်ကနေလွင့်လာတဲ့ဝတ်မှုံ ・ヒノキ花粉 လို့ခေါ်တဲ့ဂျပန်ကျောက်ပန်းပင်ကနေလွင့်လာတဲ့ဝတ်မှုံ ・ブタクサ花粉လို့ခေါ်တဲ့Ragweedလို့ခေါ်တဲ့မြက်ပင်ပေါင်းပင်ကနေလာတဲ့ဝတ်မှုံ စတဲ့ပန်းဝတ်မှုံတွေကြောင့်ဖြစ်ပါတယ်။ 2.  လက္ခဏာများ အဖြစ်များတဲ့လက္ခဏာတွေကတော့ ●နှာခြေခြင်း ●နှာရည်ယိုခြင်း ●နှာပိတ်ခြင်း ●မျက်ရည်ထွက်ခြင်း၊မျက်လုံးယားယံခြင်း အရမ်းဆိုးဝါးတဲ့သူတွေဆိုရင်တော့မျက်လုံးများယောင်ယမ်းခြင်းလက္ခဏာတွေဖြစ်တတ်တဲ့အတွက်ချက်ချင်းဆေးရုံကိုသွားပြဖို့အကြံပြုပါရစေ။ 3. ကြိုတင်ကာကွယ်ခြင်း၊ကုသခြင်း ကုသလို့ရတဲ့နည်းလမ်းတွေရှိသလို၊လက္ခဏာပေါ်မူတည်ပြီးသောက်ဆေးနဲ့လိမ်းဆေးဆိုပြီးခွဲခြားထားတာမျိုးလည်းရှိပါတယ်။ ・မျက်လုံးယားယံခြင်းအတွက်:မျက်စဥ်းဆေးရည်ထည့်ခြင်းနှင့်မျက်မှန်တပ်ဆင်ခြင်းစသဖြင့်・နှာရည်ယိုခြင်းအတွက်:သောက်ဆေးသုံးစွဲခြင်းများဖြင့်ကြိုတင်ကာကွယ်လို့ရပါတယ်။ ●  ဆေးဆိုင်တွေမှာဝယ်မယ်ဆိုရင်(ドラッグストア) ပန်းဝတ်မှုံအလာဂျစ်မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ဆေးဆိုင်တွေမှာဆေးဝယ်ယူမယ်ဆိုရင်『花粉』かふん、『鼻炎』びえん、『鼻みず』はなみず、『鼻づまり』はなづまり、『くしゃみ』စတဲ့စာလုံးလေးတွေပါတဲ့ဆေးမျိုးကိုဝယ်ဖို့အကြံပေးပါရစေ။ ဂျပန်လူမျိုးတွေအသုံးများတဲ့ဆေးလေးတွေကိုနမူနာအနေနဲ့မိတ်ဆက်ပေးမယ်နော်။*ရွေးချယ်ထားတဲ့ဆေးတွေကကိုယ်ပိုင်ထင်မြင်ချက်ပါနော်။ ・アレルビ フェキソフェナジン塩酸塩錠 အောက်မှာနမူနာပါတယ်နော်။ ပန်းဝတ်မှုံတွေကြောင့်ဖြစ်တဲ့နှာရည်ယိုခြင်း၊နှာပိတ်ခြင်း၊နှာခြေခြင်းလက္ခဏာတွေအတွက်ထိရောက်မှုရှိပါတယ်။ ၁ရက်ကို၂ကြိမ်သောက်သုံးနိုင်ပါတယ်။ ・コルゲンコーワ鼻炎フィルムα နှာရည်ယိုခြင်း၊နှာပိတ်ခြင်း၊နှာခြေခြင်းလက္ခဏာတွေအတွက်ထိရောက်မှုရှိပါတယ်။ ၁ရက်ကို၃ကြိမ်သောက်သုံးနိုင်ပါတယ်။ *15နှစ်မပြည့်‌သေးတဲ့ကလေးသူငယ်များ သောက်သုံးလို့မရတဲ့ဆေးရှိလို့ဆေးညွှန်းကိုသေချာဖတ်ပြီးမှသောက်ပါနော် ●ဆေးရုံသွားပြီးပြတဲ့သူများအတွက်၊ဆေးရုံမှပေးသောဆေးညွှန်းကိုယူပြီးဝယ်ယူတဲ့သူတွေအတွက် တခြားသူတွေထက်လက္ခဏာအရမ်းဆိုးဆိုးဝါးဝါးဖြစ်နေပါက၊ဆေးရုံသို့သွားပြီးဆရာဝန်နဲ့တတ်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူတာပိုကောင်းပါတယ်။ဆရာဝန်ရဲ့ဆေးညွှန်းကိုလက်ခံရရှိပြီးဆေးကိုဝယ်ယူပါ။ဆေးခန်းပြခြင်းသည်သင့်ရဲ့လက္ခဏာအခြေအနေများကိုဆုံးဖြတ်ပေးနိုင်ပြီးသင့်လျော်သောဆေးကိုလည်းညွှန်းပေးနိုင်တဲ့အတွက်တတ်နိုင်သမျှမြန်မြန်ပြသဖို့လိုအပ်ပါတယ်။  အကျဥ်းချုပ် ဂျပန်မှာနေထိုင်နေစဥ်ကာလအတွင်းမှာကိုယ်ခံအားကောင်းနေဖို့လိုပါတယ်နော်။ကိုယ်ခံအားကျဆင်းရင်တော့ပန်းဝတ်မှုံလေးတွေကိုအနိုင်ပေးသလိုဖြစ်နေမယ်နော်။ခုချိန်ထိပန်းဝတ်မှုံဓါတ်မတည့်တာမျိုးမဖြစ်သေးလို့ဆိုပြီးပေါ့ဆမနေနဲ့နော်။ရုတ်တရက်ဖြစ်နိုင်တာမျိုးလည်းဖြစ်လို့၊နွေဦးကာလ၃လပိုင်းကနေ၄လပိုင်းအတွင်း၊မျက်လုံးယားယံတာမျိုး၊နှာရည်ယိုတာမျိုးဖြစ်တတ်တဲ့အတွက်ဂရုစိုက်ကြပါနော်။ ဂျပန်ကိုသဘောကျလို့‌ရောက်လာတဲ့မောင်လေးညီမလေးတွေလည်းပန်းဝတ်မှုံဓါတ်မတည့်တဲ့လက္ခဏာမျိုးတွေကြောင့်စိတ်အနှောက်ယှက်ဖြစ်တာမျိုးကိုမလိုလားပါဘူး။ဒါကြောင့်မဖြစ်အောင်ကြိုတင်ကာကွယ်ရအောင်နော်။ အမြဲတမ်းJLEFsupportကိုကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်၊ဆက်လက်အားပေးကြပါနော်။

နေထိုင်ခွင့်ကတ်ပြားကျပျောက်ခဲ့လျှင်

နေထိုင်ခွင့်ကတ်ပြား(ခေါ်)ဇိုင်းလျူးကတ် ဂျပန်ကိုရောက်လာတဲ့သူငယ်ချင်းတို့ရေ၊ဂျပန်ကိုရောက်ရောက်ချင်းနေထိုင်ခွင့်ကတ်ပြား(ဇိုင်းလျူးကတ်)ရခဲ့ကျတယ်နော်။အဲ့ဒီနေထိုင်ခွင့်ကတ်ပြားကျပျောက်ဖူးတဲ့အတွေ့ကြုံရှိဖူးကြလား?တကယ်လိုများကျပျောက်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ။ စိတ်မပူပါနဲ့နော်၊ဇိုင်းလျူးကတ်ကျပျောက်ခဲ့ရင်ဘာဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်တို့ JLEFsupportကပြောပြပေးပါမယ်။ ဒီအချက်၃ချက်ကိုလုပ်ဆောင်ရုံပါပဲနော် STEP1:အနီးဆုံးရဲစခန်းကိုသွားပြီးဇိုင်းလျူးကတ်ပျောက်ဆုံးကြောင်းလျှောက်လွှာတင်ပါ ဇိုင်းလျူးကတ်ပျောက်ကြောင်းချက်ချင်းသတိပြုမိတာနဲ့၊အရင်ဆုံးပိုက်ဆံအိတ်၊လွယ်အိတ်၊အိမ်နဲ့သွားခဲ့တဲ့အနီးတဝိုက်ကိုအရင်ရှာကြည့်ပါ။ရှာကြည့်ပေမဲ့လည်းမတွေ့ရှိခဲ့ပါကအနီးဆုံးရဲ့စခန်းသို့သွားပြီး遺失届や盗難届 ပျောက်ဆုံးကြောင်းကိုလျှောက်ခဲ့ပါ။ STEP2:ပျောက်ဆုံးကြောင်းလျှောက်လွှာမှာဖြည့်ရမည့်အကြောင်းအရာများ ရဲစခန်းမှာပျောက်ဆုံးကြောင်းစာရွက်ထပ်ရာမှာဖြည့်ရမည့်အချက်အလက်တွေကတော့ ①住所 လိပ်စာ ②氏名 နာမည် ③電話番号 ဖုန်းနံပါတ် ④遺失日時 ပျောက်ဆုံးခဲ့တဲ့ရက်နဲ့အချိန် ⑤遺失場所 ပျောက်ဆုံးခဲ့တဲ့နေရာ ⑥お金なくした場合現金などを記入 ပျောက်ဆုံးတဲ့အထဲမှာပိုက်ဆံပါခဲ့ပါက စုစုပေါင်းပိုက်ဆံနှင့်အရွက်ရေကိုပါထည့်ရေးပါ။ ⑦物品(※入れ物、外見から書いてください)ပျောက်ဆုံးသွားသည့်အိတ်ရဲ့ပုံစံ၊အသွင်ပြင်စသည်တို့ကိုချရေးပါ။ 例えば:財布 紺色 革製ဥပမာ ပိုက်ဆံအိတ်   နက်ပြာရောင်  သားရေ ※ဒီမှာအထူးသတိပြုရမှာက(ပိုက်ဆံအိတ်ထဲမှာဇိုင်းလျူးကတ်အပြင်) ခရတ်ဒစ်ကတ်ပါပျောက်ဆုံးခဲ့တယ်ဆိုရင်ချက်ချင်းခရတ်ဒစ်ကတ်ကုမ္ပဏီကိုအကြောင်းကြားပြီးကဒ်အသုံးပြုခွင့်ကိုပိတ်ပါ။ ပျောက်တဲ့အထဲမှာဘဏ်ကတ်ပါနေတယ်ဆိုရင် ဘဏ်ကိုအကြောင်းကြားပြီးအသုံးပြုခွင့်ပိတ်ပါ။မိမိကတ်ကိုတခြားသူကလိမ်လည်ပြီးအသုံးပြုတာမျိုးဖြစ်တတ်လို့ပါ။  ရဲစခန်းမှာပျောက်ဆုံးကြောင်းစာရွက်လျှောက်ပြီးရင် ရဲစခန်းမှ遺失届受理番号のお知らせメモ(証明書)လို့ခေါ်တဲ့ပျောက်ဆုံးကြောင်းသက်သေခံလက်မှတ်ကိုပေးပါလိမ့်မယ်။ STEP3:လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)သို့သွားပြီးဇိုင်းလျူးကတ်အသစ်ထုတ်ရန်  ရဲစခန်းမှာအပျောက်လျှောက်ပြီးနောက်တရက်တွင်၊ပက်စပို့နှင့်အတူရဲစခန်းတွင်လက်ခံရရှိခဲ့သောပျောက်ဆုံးကြောင်းသက်သေခံလက်မှတ်ကိုယူပြီးလဝကရုံးသို့သွားပါ။ဇိုင်းလျူးကတ်ကိုနေ့ချင်းထုတ်ပေးသလို၊နောက်ရက်မှလာယူတာမျိုးလည်းရှိတတ်ပါတယ်။ ※အထူးသတိပြုပါ ဇိုင်းလျူးကတ်ပျောက်ဆုံးကြောင်းသေချာပါကပျောက်ဆုံးသည့်ရက်မှစပြီး၁၄ရက်အတွင်းလဝကသို့ ဇိုင်းလျူးကတ်ပြန်ထုတ်ပေးရန်ဖောင်ကိုတင်ဖို့လိုပါသည်။ (ပျောက်ဆုံးခဲ့ပါက အချိန်မဆွဲပဲလျင်မြန်စွာလုပ်ဆောင်ဖို့အကြံပြုပါရစေ။) အကျဥ်းချုပ် သူငယ်ချင်းတို့ရေ၊အခုJLEFsupportတင်ပေးတဲ့အကြောင်းအရာကအကျုံးဝင်ပါသလား?ကျွန်တော်တို့နိုင်ငံခြားသားအတွက်ကတော့ဇိုင်းလျူးကတ်သည် ဂျပန်မှာနေထိုင်ဖို့အတွက်အရမ်းကိုအရေးကြီးတဲ့ကတ်ပြားဖြစ်တဲ့အတွက်မပျောက်အောင်သတိထားကြရအောင်နော်။အထူးသဖြင့်လဝကသို့ ၁၄ရက်အတွင်းအချိန်မှီလျှောက်လွှာတင်ရတာဖြစ်တဲ့အတွက်၊အကယ်လို့ကတ်ကျပျောက်ခဲ့သည်ရှိသော်အထက်ပါလုပ်ဆောင်ချက်အတိုင်းမြန်မြန်လုပ်ဆောင်ကြပါနော်။ ကျွန်တော်တို့JLEFsupportသည်နောက်နောင်လည်းဂျပန်မှာရှိနေတဲ့သူငယ်ချင်းများအတွက်အသုံးဝင်သောအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံးနော်။

Scroll to top